အစာအိမ်ရောဂါ ကြောက်သင့်လား
မျိုးရိုးလိုက်ခြင်းတွေက အစပြုပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန်မဟုတ်တဲ့ ဇီဝကမ္မဖြစ်စဥ်တွေ၊ ဆဲလ်ပွားလာတာတွေ၊ စားသောက်နေထိုင်မှုဘဝပုံစံ စတဲ့အကြောင်းခြင်းရာမျိုးစုံကြောင့် ရောဂါ ဆိုတာ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ ရောဂါလို့ အမည်နာမတပ်လိုက်ရုံနဲ့ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တာ၊ သာမန်ထက်လွန်ကဲစွာ ဖြစ်ပေါ်ပြောင်းလဲနေတာ တစ်ခုခုရှိနေပြီ ဆိုတဲ့ သဘောပါ။
ဒါကြောင့်မို့လို့ သေးသေးလေးပဲဖြစ်ဖြစ်၊ အကြီးကြီးပဲ ဖြစ်ဖြစ် ကြောက်ဖို့ မကောင်းတဲ့ ရောဂါရယ်လို့ မရှိပါ။ ရောဂါတစ်ခု ဖြစ်လာတာနဲ့ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ မပေါက်ရလေအောင် ဆောင်ရန်ရှောင်ရန်များကို အထူးလိုက်နာ သတိချပ်သင့်ပါတယ်။
အစာအိမ်ရောဂါတွေမှာ အစာအိမ်ရောင်ခြင်း၊ အစာအိမ်နဲ့အူသိမ် အနာဖြစ်ခြင်းနဲ့ အစာအိမ်ကင်ဆာတွေဟာ အဖြစ်များကြပါတယ်။ အစာအိမ်အနာဟာ အူသိမ်အနာထက်စာရင် အစာအိမ်ကင်ဆာ ကူးပြောင်းနိုင်ခြေများပါတယ်။
အစာအိမ်နာ နဲ့ အစာအိမ်ရောင်တာ ဘာကြောင့် ဖြစ်တာလဲ??
- အစာမစားဘဲ အရက်အလွန်အကျွံ သောက်သုံးတာ၊ နာတာရှည် အော့အန်တာ၊ စိတ်ဖိစီးမှုများတာနဲ့ တချို့သော အကိုက်အခဲပျောက်ဆေးများ သုံးစွဲတာ စတာတွေကြောင့် အစာအိမ်နံရံပါးကာ ရောင်ရမ်းပြီး အနာဖြစ်တာထိ ဖြစ်နိုင်ပါတယ်။
- နောက်တစ်ခုကတော့ Helicobacter pylori (သို့မဟုတ်) H.pylori လို့ခေါ်တဲ့ အစာအိမ်နံရံမှာ နေတဲ့ ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာ H.pylori ကူးစက်ခံနေရပြီ ဖြစ်ပါတယ်။
- H.pylori ဟာ မကုသဘဲထားရင် အစာအိမ်ကင်ဆာဖြစ်ဖို့ အန္တရာယ်ရှစ်ဆ ပိုရှိစေပါတယ်။ ကလေးဘဝမှာလဲ ကူးစက်ခံရနိုင်သလို လူငယ်၊လူလတ်၊လူကြီးအရွယ် မှာလဲ ကူးစက်ခံရနိုင်ပါတယ်။ H.pylori ကူးစက်ရင် ကလေးအရွယ်မှာ ရုတ်တရက် ဗိုက်ထိုးအောင့်ပြီးတော့ ကော်ဖီရောင် အန်တာ၊ ဝမ်းထဲမှာသွေးတွေပါတာ ၊ ကတ္တရာစေးလို ဝမ်းတွေသွားတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုတွေ ဖြစ်လာရင်တော့ နီးစပ်ရာဆရာဝန်ဆီ အမြန်သွားပြီး စမ်းသပ်စစ်ဆေးသင့်ပါတယ်။
- ပုံမှန်ဆိုရင် အစာအိမ်ထဲက အစာတွေက အူထဲရောက်လာမှသာ သည်းခြေအိတ်ထဲက အစာခြေရည်တွေကို အူထဲစွန့်ထုတ်ပေးပြီး အစာခြေစနစ်ကို ကူညီပေးပါတယ်။အဲဒီ သည်းခြေပြွန်ထဲက အစာခြေရည်တွေက အစာအိမ်ထဲ နောက်ပြန်စီးဝင်တာကလည်း အစာအိမ်ရောဂါ ဖြစ်စေတဲ့ အကြောင်း တစ်ခုပါ။
- တချို့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်တွေကြောင့်လည်း အစာအိမ်ရောင်တာ၊ အစာအိမ်နာတာ၊ အစာအိမ်ပေါက်တာထိ ဖြစ်နိုင်ပါတယ် (ဥပမာ…လူသိများတဲ့ တိုက်ဖွိုက်ရောဂါ)။
အစာအိမ်ရောဂါတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များတာကတော့ အစာအိမ် ထိခိုက်စေတဲ့ ဆေးလိပ်နဲ့အရက်ကို အမျိုးသားများက ပိုသောက်သုံးလေ့ ရှိတာကြောင့် ဖြစ်ပါတယ်။
အစာအိမ်ရောဂါတွေဟာ မကုသဘဲ ထားခဲ့ရင် အစာအိမ်ကင်ဆာထိ ဖြစ်နိုင်ခြေရှိလို့ မပေါ့ဆသင့်ပါဘူး။
- ရင်ညွန့်အောင့် ရင်ပူတာ
- အစားစားရင် ပိုအောင့်တာ
- အစာမရှိရင် ပိုအောင့်တာ၊
- လေချဥ် ခဏခဏတက်ပြီး အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ
- မကြာခဏ ကြို့ထိုးတာ
- ပျို့အန်ချင်တာ
- သွေးအန်တာ၊ ကတ္တရာစေးလို ဝမ်းမည်းမည်းပြစ်ပြစ်တွေ သွားတာ
- အစားအသောက် ခံတွင်းပျက်ပြီး ကိုယ်အလေးချိန် ကျဆင်းသွားတာ စတဲ့ လက္ခဏာတွေခံစားနေရပြီ ဆိုရင်တော့ အစာအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ခံစားနေရပြီဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
အစာအိမ်ရောဂါ ဟုတ်မဟုတ်ကို ရောဂါရာဇဝင် စစ်ဆေးစမ်းသပ်ခြင်းအပြင် သွေးစစ်၊ ဝမ်းစစ်ခြင်း၊ အစာအိမ်မှန်ပြောင်း ကြည့်ရှုခြင်းတို့ဖြင့် သိရှိနိုင်ပါတယ်။
ကုသမှုအနေနဲ့ အစာအိမ်ထဲမှာ အက်ဆစ်မျှခြေ ထိန်းညှိပေးတဲ့ Anticidsလိုဆေးတွေ၊ အက်ဆစ်ထုတ်လုပ်ခြင်းကို လျော့ကျစေတဲ့ Protom Pump Inhibitor (PPI) လို့ခေါ်တဲ့ Omeprazole၊ Pantoprazoleလို ဆေးတွေ၊ H-pylori သတ်တဲ့ ဆေးတွေနဲ့ လိုအပ်တဲ့ ပိုးသတ်ဆေးတွေကို ရောဂါအခြေအနေပေါ်မူတည်ပြီး ပေးရပါတယ်။
ဒါကြောင့် အစာအိမ်ရောဂါလို့ သံသယရှိခဲ့ရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသမှုခံယူဖို့ မမေ့ပါနဲ့နော်။ အစာအိမ်ရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကိုတော့ နောက်ဆောင်းပါးတွေမှာ ဆက်လက် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို ဖတ်ရှုပြီးပြီဆိုရင်တော့ အစာအိမ်ရောဂါဟာ ကြောက်စရာ ကောင်းလား ဆိုတဲ့ အဖြေကို သိရှိသွားပြီ ထင်ပါတယ်။ အစာအိမ်ရောဂါနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ရင်ရွှေရည်
test 26 Oct 2023 |
hello
test2 26 Oct 2023 |
test3 26 Oct 2023 |
kiba 27 Oct 2023 |